အမျိုးသားအဆင့် ငါးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (NADP) (၂၀၁၉-၂၀၂၃) ဆိုင်ရာ အချက်အလက်များ

  • March 18, 2020
  • MYSAP

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နေထိုင်ကြသူစုစုပေါင်း၏ ၇၀% (အထူးသဖြင့်ကျေးလက်ဒေသ၌ နေထိုင်ကြသူများ) သည် စိုက်ပျိုးရေး လုပ်ငန်းအပေါ်မှီတည်နေကြရာ နိုင်ငံ၏စီးပွားရေးသည် စိုက်ပျိုးရေးကို အဓိကအခြေခံသည့်စီးပွားရေးဖြစ်ပါသည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၂၉% ရှိပြီး ၂၀၁၆ ခုနှစ်တွင် ပြည်ပပို့ကုန်စုစုပေါင်းပမာဏ၏ ၂၅% ရှိကြောင်း ခန့်မှန်းတွက်ချက်ခဲ့ကြပါသည် (ADS, 2018)။ မြန်မာနိုင်ငံအစိုးရအနေဖြင့် စိုက်ပျိုးရေးကဏ္ဍကို ဦးစားပေးကဏ္ဍ အဖြစ်သတ်မှတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ယခုလက်ရှိအစိုးရ စတင်တာဝန်ယူဆောင်ရွက်သည် နှင့်တစ်ပြိုင် နက် သီးခြားဝန်ကြီးဌာနသုံးဌာနဖြစ်သော စိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန နှင့် သမဝါယမဝန်ကြီးဌာနတို့ကို ပေါင်းစပ်ဖွဲ့စည်းကာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန (Ministry of Agriculture, Livestock and Irrigation – MOALI) ဟူ၍ ဝန်ကြီးဌာနတစ်ဌာနတည်းအဖြစ် တည်ထောင်ခဲ့ပါသည်။

သမားရိုးကျစားနပ်ရိက္ခာစနစ်များ (Traditional Food Systems) ၏စားသုံးသူများအတွက် ဘေးဥပဒ် ကင်းရှင်း ရေး နှင့် အာဟာရပြည့်ဝရေးဆိုင်ရာ ပြဿနာများကိုဖြေရှင်းဆောင်ရွက်ရင်း ကျေးလက်နေလယ်သမားများ၏ လုပ်ငန်း ကွင်းဆက်ပိုမိုကောင်းမွန်စေရန်နှင့် နည်းပညာဆိုင်ရာကွာဟချက်များ ကျဉ်းမြောင်းလာစေရန် ရည် ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သီးနှံအမျိုးစုံတိုးချဲ့စိုက်ပျိုးခြင်း (Agricultural Diversification)၊ ဈေးကွက်ပေါင်းစည်းခြင်း (Market Integration) နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း တို့အပေါ်အဓိကအခြေခံ၍ အာရှ၏ဆန်အိုးမှသည် ဒေသအဆင့်စားဖွယ်စုံခြင်းတောင်းအဖြစ်သို့ အသွင်ကူးပြောင်း ရန် မျှော်မှန်းချက်သစ်တစ်ရပ်ကို စတင်ချမှတ်ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ တွင် အစိုးရက ချမှတ် ခဲ့သည့် စီးပွားရေးအခြေခံမူ ၁၂ ရပ် နှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနသည် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမဟာဗျူဟာ (ADS) နှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ဆိုင်ရာ ကဏ္ဍအလိုက်အစီအစဉ်ကို ရေးဆွဲရန်အတွက် ဒေသများရှိဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအစိုးရမဟုတ်သည့် အဖွဲ့ အစည်းများ နှင့် တစ်နှစ်ပတ်လုံး အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမဟာဗျူဟာ (ADS) ကို အောင်မြင်စွာချမှတ်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှစတင်သည့်ဘဏ္ဍာနှစ်တွင် အဆိုပါအစီအစဉ်ကို စတင်အကောင်အထည် ဖော်ဆောင်ရွက် ခဲ့ပါသည်။

အဆိုပါအစီအစဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက လယ်ယာစိုက်ပျိုးရေးကဏ္ဍ GDP တန်ဖိုး၏ ၃၀% ကို ကိုယ်စားပြုသည့်ငါးလုပ်ငန်းကဏ္ဍခွဲ၏အရေးပါပုံကို အသိအမှတ်ပြုခဲ့ပြီး ငါးလုပ်ငန်း ကဏ္ဍ ခွဲကို သီးနှံစိုက်ပျိုးရေးကဏ္ဍများ၊ ဒေသအဆင့်ဈေးကွက်အလားအလာနှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ဘတ်ဂျက်ငွေအရင်းအနှီးများ နှင့် အခြားဘဏ္ဍာရေးအရင်းအနှီးများခွဲဝေချထားပေးမည်ဟု အလေး အနက်ကတိ ကဝတ်ပြုခဲ့ပါသည်။ အဆိုပါအစီအစဉ်သည် လယ်သမားများ၏ဝင်ငွေတိုးပွားလာစေရန်အတွက် အထောက်အကူပြုသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုးရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ဂေဟစနစ် ထိန်းသိမ်းရေး နှင့် သယံဇာတအရင်းအမြစ်များ စနစ်တကျသုံးစွဲမှုတို့ကို အလေးပေး ရေးဆွဲထားသည့်အစီအစဉ် ဖြစ်သည့်အပြင် ကျေးလက်နေလူထု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ နှင့် ဝင်ငွေရရှိမှုအတွက် အဓိက အရေးပါသည့်စိုက်ပျိုးရေးကဏ္ဍခွဲများဖြစ်ကြသော သီးနှံစိုက်ပျိုးရေး နှင့် ငါးလုပ်ငန်း ကဏ္ဍများအကြား ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်သည့်အစီအစဉ် လည်းဖြစ် ပါသည်။

ဤသို့ချဉ်းကပ်ဆောင်ရွက်မှု နည်းလမ်းအားလုံးဖြင့် ငါးလုပ်ငန်းကဏ္ဍခွဲ၏ကုန်ထုတ်လုပ်မှု၊ အပြိုင်အဆိုင် ဆောင်ရွက်နိုင်စွမ်း နှင့် အုပ်ချုပ်မှု စနစ်အားဖြင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမဟာဗျူဟာ (ADS) ၏ရည်ရွယ်ချက်ကို ဖြည့်ဆည်းဆောင်ရွက် နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်တွင် “အမျိုးသားအဆင့် ရေသတ္တဝါ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအစီအစဉ်” (NADP) ကို ရေးဆွဲရန် ငါးလုပ်ငန်းဦးစီးဌာနကို တာဝန် ပေးခဲ့ပါသည်။

အမျိုးသားအဆင့် ရေသတ္တဝါမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးရေး အစီအစဉ်ဆိုင်ရာ လမ်းညွှန်ချက်တစ်ရပ်အဖြစ် “တိရစ္ဆာန်နှင့် ငါးမျိုးပွားခြင်း၊ မွေးမြူခြင်း နှင့် ကျန်းမာရေးဝန်ဆောင်မှုများ” ကိုဆောင်ရွက်ရာတွင် လုပ်သား များကို စနစ် တကျခွဲခြားတာဝန်ပေးအပ်နိုင်ရန်အတွက် ငါးလုပ်ငန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ကြသည့် အစိုးရ နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအကြားနီးကပ်စွာပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ မဟာဗျူဟာ (ADS) တွင် အလေးပေးဖော်ပြခဲ့ပါသည် (ADS၊ စာ – ၆၄)။

ထို့ပြင် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာ (ADS) တွင် ရေသတ္တဝါမွေးမြူရေး လုပ်ကိုင်ကြ သူများအကြား ကောင်းမွန်သောရေသတ္တဝါမွေးမြူရေး ကျင့်စဉ် (GAqPs) များကို ဦးဆောင်ဦးရွက်ပြု ရေးဆွဲချမှတ်ရန် နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာန၌ GAP ဌာနခွဲကို တည် ထောင်ရန်စီစဉ်ခြင်းဖြင့် ရေသတ္တဝါ မွေးမြူရေးကဏ္ဍတွင် “ကောင်းမွန်သောကျင့်စဉ်များကို ပိုမိုကျင့်သုံးလာကြ စေရေးအတွက် စံများ နှင့် တိုးချဲ့ပညာပေးမှုလုပ်ဆောင်ချက်များ ရေးဆွဲချမှတ်ခြင်း” နှင့်စပ်လျဉ်း၍လည်း အလေးပေးဖော်ပြထားပါသည် (ADS၊ စာ – ၆၅)။

အရင်းအမြစ်များကို ပိုမိုခွဲဝေချထားလာနိုင်ပြီး အစိုးရကဏ္ဍ နှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ပူးပေါင်းဆောင်ရွက် မှုပိုမိုအားကောင်းလာကာ စိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုများပိုမို ကောင်းမွန်လာသည်နှင့်အမျှ အမြဲတစေ ပြောင်းလဲနေသည့်ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာဖူလုံရေးပတ်ဝန်းကျင်နှင့် အလျင်မီစွာ ပြည်တွင်းပြည်ပ ဈေးကွက်ဝယ်လိုအားများကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် ရေရှည်တည်တံ့ပြီး ပိုမိုများပြားစွာ ထုတ်လုပ်နိုင် သည့်ရေသတ္တဝါထုတ်လုပ်မှုကို မြန်မာနိုင်ငံတွင် ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် ရေသတ္တဝါမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးရေးအစီအစဉ်က ရည်ရွယ်ထားပါသည်။

NADP ကို ရေးဆွဲခြင်းလုပ်ငန်းစဉ်တွင် နေပြည်တော်ရှိ အစိုးရရုံးချုပ်များမှ ဒေသဆိုင်ရာငါးလုပ်ငန်း ဦးစီးဌာနများ အထိလည်းကောင်း၊ အကြီးစားပေါင်းစည်းထားသည့်ရေသတ္တဝါမွေးမြူကန်များ (Large-scale vertically integrated aquaculture farms) မှ အသေးစားတစ်နိုင်တစ်ပိုင်မွေးမြူသူများအထိလည်းကောင်း သက်ဆိုင်သူ အသီးသီးအကြား ဆွေးနွေးမှုများပါဝင်ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ပါဝင်ဆောင်ရွက်သည့် ထိပ်ပိုင်းအကြီးအကဲများ ဖြင့်ဖွဲ့စည်း ထားသော ဝန်ကြီးဌာန များဆိုင်ရာမူဝါဒရေးရာကော်မတီဖြစ်သည့် MYSAP Steering Committee ၏လမ်းညွှန် ချက်နှင့်အညီ ထိုလုပ်ငန်း စဉ်ကို ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတော်၏ရည်မှန်းချက်ပန်းတိုင်များ၊ MSDP ၏လမ်းညွှန်အခြေခံမူ၊ ကဏ္ဍ အလိုက်သတ်မှတ်လျာထားချက်များ နှင့် ADS-IP ၏သီးခြား မူဝါဒများနှင့် ကိုက်ညီမှုရှိစေရန်လည်း ဆောင်ရွက်ခဲ့ ပါသည်။

ထို့ပြင် အဆိုပါလုပ်ငန်းစဉ်တွင် လုပ်ငန်းကွင်းဆက် များဆိုင်ရာအပြောင်းအလဲဖြစ်စေနိုင်သည့် စေ့ဆော်မှု များကို လျင်မြန်စွာ ဆန်းစစ် လေ့လာမှုများ၊ သက်ဆိုင်သူများ၏ဆန်းစစ်လေ့လာမှုများ၊ သက်ဆိုင်ရာမူဝါဒများ၊ နည်းဗျူဟာများ နှင့် စီမံချက်များ၊ ယခင်၊ ယခုချမှတ်ထားသည့် နှင့် နောင်တွင်ဆောင်ရွက်လာနိုင်သည့်အစီ အစဉ်များ နှင့် စီမံကိန်း များကို Desk Review ပြုလုပ်ခြင်း၊ အသေးစိတ်ဆန်းစစ်လေ့လာခြင်း နှင့် ငါးလုပ်ငန်း ဦးစီးဌာန၏ အသုံးစရိတ် များကို ဆန်းစစ်လေ့လာခြင်းတို့ပါဝင်ပါသည်။

NADP ရေးဆွဲခြင်းလုပ်ငန်းစဉ်တွင် ငါးလုပ်ငန်းဦးစီးဌာနနှင့်တကွ ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီး ဌာနကဲ့သို့သော သက်ဆိုင်ရာအစိုးရဌာနအသီးသီးတို့မှ ဝန်ထမ်းများ နှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ UMFCCI နှင့် MFF တို့ကဲ့သို့ ပုဂ္ဂလိကကဏ္ဍမှအသင်းအဖွဲ့များ၊ MYSAP နှင့် Myanmar Fishery Partnership တို့မှ တစ်ဆင့် ဖွံ့ဖြိုးရေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ အပါအဝင် အခြားသက်ဆိုင် သူများနှင့် ဆွေးနွေးမှုများလည်း ပါဝင်ပါသည်။ အားကောင်းသည့် စေ့စပ်ညှိနှိုင်းဆောင်ရွက်မှုများ နှင့် ထိရောက် ကောင်းမွန်သည့်လုပ်ငန်းစီမံချက်များကို ရေးဆွဲချမှတ်နိုင်ရေး အတွက် ဒေသဆိုင်ရာငါးလုပ်ငန်းဦးစီးရုံးများ နှင့် လုပ်ငန်းကွင်းဆက်တွင် ပါဝင်ဆောင်ရွက်နေကြသူများ အနေဖြင့် အခြေခံလူတန်းစားများ လက်တွေ့တွင် ရင်ဆိုင် နေကြရသည့်စိန်ခေါ်မှုများ နှင့် အခွင့်အလမ်းများ ဆိုင်ရာအကြောင်းအရာများကို သိရှိနိုင်စေရန် မန္တလေး၊ တောင်ကြီး၊ မော်လမြိုင် နှင့် ရန်ကုန်တို့တွင် ဒေသအဆင့်အလုပ်ရုံဆွေးနွေးပွဲများကို လေးကြိမ် ပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲ ကွင်းဆက်စစ်တမ်း ကောက်ယူမှုများကို ပြုလုပ်ခဲ့ကြပါသည်။

NADP ကို မူကြမ်းရေးဆွဲပြုစုရာတွင် ဥရောပသမဂ္ဂ၊ ဂျာမနီနိုင်ငံတို့က ပံ့ပိုးကူညီပေးကြပြီး GIZ, Germay က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်မြန်မာရေသတ္တဝါမွေးမြူရေး ကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းက မူကြမ်းပြုစုရေးလုပ်ငန်းစဉ်ကို စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ NADP ကို ရေးဆွဲရာတွင် မြန်မာ့လူမှု စီးပွားဖွံဖြိုးတိုးတက်ရေးအဖွဲ့ (the Centre for Economic and Social Development of Myanmar) က စစ်တမ်းကောက်ယူမှုဆိုင်ရာသုတေသန၊ သက်ဆိုင်သူများစွာပါဝင်သောဆွေးနွေးမှုများ နှင့် နည်းပညာပိုင်း ဆိုင်ရာပံ့ပိုးမှုများကို ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

အမျိုးသားအဆင့်ရေသတ္တဝါမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအစီအစဉ် (NADP) ကို ရေသတ္တဝါမွေးမြူရေးကဏ္ဍ၏ လက်ရှိအခြေအနေ၊ NADP ကောင်းမွန်စွာရေးဆွဲချမှတ်ဆောင်ရွက်နိုင်ရန်အထောက်အကူပြုသည့်မူဝါဒရေးရာ မူဘောင် နှင့် NADP ကိုအကောင်အထည်ဖော်မည့်နည်းလမ်းတို့ကို ဖော်ပြထားသော အခန်း (၆) ခွဲ၍ ရေးဆွဲချမှတ် ထားပါသည်။ NADP တွင် အောက်ပါတို့ပါဝင်ပါသည် –

အခန်း ၁ – စိုက်ပျိုးရေးလုပ်ငန်းစဉ်အဆင့်ဆင့်များ နှင့် လက်ရှိစိန်ခေါ်မှုအချို့အပါအဝင် မြန်မာနိုင်ငံ၏ ရေသတ္တဝါ မွေးမြူရေးကဏ္ဍအကြောင်းအကျဉ်းချုပ် သုံးသပ်ချက်ကို မိတ်ဆက်ဖော်ပြထားပါသည်။ ထို့ပြင် ဤအခန်းတွင် NADP နှင့် MSDP၊ ADS တို့အကြားဆက်နွှယ်ပုံများကို အလေးထားဖော်ပြ ထားပါသည်။ NADP သည် အားလုံး အကျုံးဝင်သောဖွံ့ဖြိုးတိုးတက်မှု၊ ပို့ကုန်ဝင်ငွေရရှိမှု၊ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးမှု၊ စားနပ်ရိက္ခာဖူလုံမှု နှင့် အာဟာရပြည့်ဝမှု နှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေး တို့နှင့်စပ်လျဉ်း၍ MSDP ကို အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးကို အထောက်အကူပြုရန် ရည်ရွယ်ပါသည်။

အခန်း ၂ – မြန်မာနိုင်ငံရေသတ္တဝါမွေးမြူရေးကဏ္ဍအကြောင်းကို အကျဉ်းချုပ်ဖော်ပြထားပြီး ကဏ္ဍဆိုင်ရာ စိန်ခေါ်မှု များကို အလေးပေးဖော်ပြထားကာ ကဏ္ဍဆိုင်ရာအားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းများ နှင့် အန္တရာယ် များဆိုင်ရာဆန်းစစ်လေ့လာမှုတစ်ရပ်ဖြင့် နိဂုံးချုပ်ဖော်ပြထားပါသည်။ ထို့ပြင် ဤအခန်းတွင် ရေသတ္တဝါထုတ်လုပ် ရေးဆိုင်ရာလက်ရှိအခြေအနေ၊ ဥပဒေမူဘောင်များ၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၊ အကျိုးသက်ဆိုင်သူများ၊ အလုပ်အကိုင်အခွင့်အလမ်း နှင့် ကျားမဂျန်ဒါရေးရာ၊ စားနပ် ရိက္ခာဖူလုံရေး နှင့် အာဟာရပြည့်ဝမှု နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာခံနိုင်စွမ်းတို့ကိုလည်း ဆွေးနွေး ဖော်ပြထားပါသည်။

အခန်း ၃ – အစိုးရကချမှတ်ထားသည့်သက်ဆိုင်ရာအစီအစဉ်များ နှင့် နည်းဗျူဟာများအားလုံးကို သတ်မှတ်ဖော်ပြ ထားပြီး အဆိုပါအစီအစဉ်များ နှင့် နည်းဗျူဟာများဆိုင်ရာရလဒ်များကို အောင်မြင်စွာရရှိနိုင် အောင်အထောက် အကူပြုရာတွင် NADP သည် အဓိကအခန်းကဏ္ဍတွင်ပါဝင်မည့်နည်းလမ်းကို အသေးစိတ် ဖော်ပြထားပါသည်။ ဤအခန်းတွင် MSDP၊ ADS နှင့် ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသား အာဟာရဆိုင်ရာ စီမံကိန်း (Multi-sectoral National Plan of Action on Nutrition (MS-NPAN))၊ နိုင်ငံအဆင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာမဟာ ဗျူဟာ နှင့် လုပ်ငန်းစီမံချက် (National Biodiversity Strategy and Action Plan (NBSAP))၊ မြန်မာနိုင်ငံရာသီ ဥတုပြောင်းလဲမှုဆိုင်ရာပင်မလုပ်ငန်းအစီအစဉ် (Myanmar Climate Change Master Plan (MCCMP)) နှင့် အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy (NES)) တို့ကဲ့သို့ အခြားကဏ္ဍများဆိုင်ရာအစီအစဉ် များတွင် ချမှတ်ထားသော ရည်မှန်းချက်များကို ပြည့်မီအောင် ဆောင်ရွက်ရင်း NADP က စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ (SDGs) ကို ရောက်ရှိနိုင်ရေးအတွက် တိုက်ရိုက် အထောက်အကူပြုပုံကို ရှင်းလင်းတင်ပြထားပါသည်။ ထို့ပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ရေသတ္တဝါ မွေးမြူရေးကဏ္ဍ၏အခန်းကဏ္ဍကို ရှင်းလင်းတင်ပြထားပြီး ငါးလုပ်ငန်းဦးစီးဌာန၏မျှော်မှန်းချက် နှင့် မူဝါဒကိုလည်း အကျဉ်းချုပ်ဖော်ပြထားပါသည်။

အခန်း ၄ – ငါးလုပ်ငန်းဦးစီးဌာန နှင့် အခြားအခြားသက်ဆိုင်သူများက သတ်မှတ်ထားပြီး နိုင်ငံတော်၏ရည်မှန်းချက် ပန်းတိုင်များ၊ ဝန်ကြီးဌာနအချင်းချင်းအကြားချမှတ်ထားသည့် ကဏ္ဍအားလုံးနှင့် သက်ဆိုင်သော မူဝါဒများဆိုင်ရာ ရည်ရွယ်ချက်များ (Inter-ministerial cross-cutting policy objectives) နှင့်အညီ သတ်မှတ်ထားကာ မြန်မာ နိုင်ငံရေသတ္တဝါမွေးမြူရေးကဏ္ဍအောင်မြင်စွာဖွံ့ဖြိုးတိုးလာစေရေးအတွက် လိုအပ်သော ရလဒ် ၁၁ ရပ်၊ ဆောင် ရွက်မှုရလဒ် ၃၃ ရပ် နှင့် သက်ဆိုင်ရာလုပ်ငန်းစီမံချက်များကို ဖော်ပြထားပါသည်။ အဆိုပါရလဒ်များကို ရရှိနိုင် ရေးအတွက် လိုအပ်သည့်လုပ်ဆောင်ချက်ရလဒ်များကို ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ထားပါသည်။ NADP ကို သက်ဆိုင်သူအသီးသီးက အကောင်အထည် ဖော်ဆောင်ရွက်မှုကို ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရန်အတွက် လုပ်ငန်း ကော်မတီတစ်ရပ်ကို ငါးလုပ်ငန်းဦးစီးဌာနက ဖွဲ့စည်းတည်ထောင်ထားပြီးဖြစ်ပါသည်။

အခန်း ၅ – အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်မည့်နည်းလမ်းများ နှင့် ငါးလုပ်ငန်းဦးစီးဌာနက သုံးစွဲနိုင်သည့်ငွေကြေးပမာဏအပေါ်အခြေခံ၍ ဘတ်ဂျက်ခွဲဝေသုံးစွဲမည့်နည်းလမ်းကို ဖော်ပြထားပါသည်။ တစ်နိုင်ငံလုံးအဆင့်အလုပ်ရုံဆွေးနွေးပွဲတွင် ငါးလုပ်ငန်းဦးစီးဌာန နှင့် သက်ဆိုင်သူများက သတ်မှတ်ခဲ့ကြသည့် ဦးစားပေးအကောင် အထည်ဖော်ဆောင်ရွက်ရမည့်ရလဒ် ၁၁ ရပ်ကို အလေးပေးဖော်ပြထားပါသည်။ မြေအသုံးချမှု စီမံခန့်ခွဲရေးဆိုင်ရာအခြေအနေပိုမိုကောင်းမွန်မှု၊ ဘဏ္ဍာငွေကြေးအရင်းအနှီးရရှိမှု၊ ကုန်သွယ်ရေး ပိုမို အဆင်ပြေ ချောမွေ့စေမှု၊ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်များကျင့်သုံးမှု၊ အရည်အသွေး နှင့် အသိပညာအခြေခံ အဆောက်အအုံ၊ သီးနှံစိုက်ပျိုးရေးကဏ္ဍ နှင့် ကျေးလက်အခြေခံ အဆောက်အအုံ တို့၏စုပေါင်းဆောင်ရွက်မှုရလဒ် တို့နှင့်စပ်လျဉ်း၍ NADP ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရေးအတွက် ဆွေးနွေးတင်ပြထားပါသည်။ အစီအစဉ်တစ်ရပ်လုံးအတွက် အဆိုပြုဘတ်ဂျက်ငွေ မြန်မာကျပ် ၁၈၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂၆ သန်း နှင့်ညီမျှသော) (ဦးစားပေးရလဒ်များအတွက် သတ်မှတ်လျာထားသည့် ဘတ်ဂျက် ငွေ မြန်မာကျပ် ၁၁၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၇ သန်းနှင့်ညီမျှသော) အပါအဝင်) နှင့် အကောင်အထည်ဖော် မည့် NADP ကိုအကောင်အထည်ဖော်ရာတွင် ကုန်ကျမည့်ကုန်ကျစရိတ်များကို ခန့်မှန်းတွက်ချက်ဖော်ပြထားပါ သည်။

နိဂုံးချုပ်အနေဖြင့် အခန်း ၆ တွင် ဦးစားပေးရလဒ်များကို ၂၀၂၂ ခုနှစ်အထိ သက်ဆိုင်ရာအညွှန်းကိန်းများ၊ အခြေခံ တိုင်းတာချက်အခြေအနေ နှင့် လျာထားချက်များနှင့်အညီ ကိုက်ညှိသတ်မှတ်ထားပါသည်။

အသေးစိတ်ဖတ်ရှုလိုပါက အောက်ပါ လင့်ခ် ကဆင့် Download ရယူနိုင်ပါသည်။

National Aquaculture Development Plan (NADP) in Burmese